တိုက်ပွဲဝင် အချစ်ဇာတ်လမ်း

Posted on

” အစ်ကို….နာသေးလား ဟင်….”

အေးသီက သူ့အစ်ကို မျိုးစစ်ကို ဒဏ်ရာများအား ဆေးထည့်ပေးရင်း လှမ်းမေး၏။ မျိုးစစ် အံကို တင်းတင်းကြိတ်သည်။

” သက်သာနေပါပြီ…. ညီမလေးရယ်…. တောက်…. ဒီကောင်ငဘ တမင်ယုတ်မာတာ…. ဒီကောင် ငါ့ကို ရန်ငြိုးထားပြီး တမင်ချောက်ချတယ်… ဆိုတာ… ငါသိတယ်…. အေးသီ….”

” အစ်ကိုရယ်…. ဒေါသမထွက်ပါနဲ့…. သူ့အကုသိုလ်နဲ့သူသွားမှာပါ….”

အေးသီက ဂွမ်းကို အရက်ပျံညှစ်ချပေးရင်း ပတ်တီးစည်းပေးရင်း သူ့အစ်ကိုအား နှစ်သိမ့်သည်။ မျိုးစစ်မှာ တောက်တခေါက်ခေါက်နှင့် ငဘနှင့် ဂျပန်တွေကို စက်ဆုပ်ရွံရှာ မုန်းတီးသွားသည်။

” နေနှင့်ဦးပေါ့ ငဘရာ…. ကံကြမ္မာဟာ ဘယ်တော့မှ မျက်နှာမလိုက်ပါဘူး….”

အေးသီ မျိုးစစ်ကိုကြည့်ရင်း ပင့်သက်ကို ရှူသွင်းလိုက်သည်။ နာကျင်သော သက်ပြင်းမောကို အရှည်ကြီးချသည်။ လပြည့်ညဖြစ်သည်။ အေးသီ အိပ်မပျော်နိုင်သေး။ သူ့ချစ်သူ ကိုထွန်းကျော် ဤနေ့ည သူ့ဆီလာလိမ့်မည်။ သူနှိုက်နေကျဖြစ်သော ကြမ်းပေါက်ကို ဖွင့်ထားလိုက်သည်။ ကိုထွန်းကျော် ရောက်လာလျင် ထိုကြမ်းပေါက်မှ သူမကို ကုတ်နှိုးလိမ့်မည်။

ထိုခေတ်က အပျိုတို့ အိပ်ခန်း၌ အပေါက်ဖောက်ထားတတ်ကြသည်။ အပျိုတို့၏ ချစ်သူကို ဤအပေါက်မှ ညလူချေ တိတ်ချိန်တွင် စကားပြောကြသည်။ ထိုအခြင်းအရာကို အပေါက်နှိုက်သည်ဟု ခေါ်တွင်ကြသည်။ မိမိ၏ ချစ်သူမိန်းမပျိုက ကြည်ဖြူသောအခါ ထိုအပေါက်မှ လက်လေးဆုပ်ကိုင်ခြင်း စကားပြောခြင်းပြုကြသည်။

ရွာရှိ ကာလသားတို့သည် ညဆိုလျင် သူခိုးဓားပြများရန်မှ ကာကွယ်စောင့်ရှောက်ရသည်။ ထိုအချိန်တွင် ကာလသားများက မိမိတို့၏ ချစ်သူအိမ်သို့သွားကာ အပေါက်နှိုက်ကာ တွေ့ဆုံစကားပြောခွင့်ရကြသည်။ အပေါက်ဖွင့်ပေးသူ မိန်းမပျိုမှာလည်း လူကြီးများ မိဘမောင်ဖွားများ မသိအောင် ထိုအပေါက်ကို ဖောက်ရသည်။ အပေါက်မှာ လက်သီးဆုပ်အရွယ်ထက် ကြီးသည်။

မိန်းမပျိုတို့သည် မိမိ၏ချစ်သူနှင့် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲပြတ်စဲလိုလျင် ထိုဖွင့်ထားသော ကြမ်းပေါက်ကို သစ်သားပြားဖြင့် အသေပိတ်ပစ်လိုက်ကြသည်။ ယောကျ်ားပျိုမှာလည်း မိမိကို မိမိ၏ချစ်သူ မုန်းပြီ၊ ပြတ်ပြီဟူ၍ အပေါက်ပိတ်လိုက်လျင် သိရသည်။ ထိုအလေ့အထသည် ယခုအခါသော် ပပျောက်သွားပြီ ဖြစ်သည်။

အေးသီသည် သူမ၏ချစ်သူ အကြိမ်ကြိမ် တောင်းဆိုခဲ့ဘူးသော သူမ၏ အပျိုစင်ဘဝကိုပင် မပေးခဲ့၊ အခုတော့ ယုတ်မာသောသူများကြောင့် မိမိ၏ အပျိုရည်ပျက်ရသည်။ မိမိ၏ချစ်သူ ကိုထွန်းကျော်ကို မည်သို့ဆက်ဆံ ပြောဆိုရမည်နည်း။

” အဟင့်….အဟင့်….”

အေးသီ ငိုသည်။ မျက်ရည်များ ပါးပြင်မှတဆင့် ခေါင်းအုံးတိုင်အောင် ကျဆင်းသည်။ ကိုထွန်းကျော်သည် သူမအား လက်ထပ်ခွင့်တောင်းထားသူဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *